လူ့ကိုယ်အင်္ဂါအစိပ်အပိုင်းအားလုံးနဲ့ ဆဲလ်တစ်ခုချင်စီရဲ့ ရှင်သန်ဖို့ သွေးလိုအပ်ပါတယ်။
သွေးထဲမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်နဲ့ အောက်ဆီဂျင်ဓာတ် ပါဝင်ပါတယ်။
အဲ့ဒီသွေးတွေကို နှလုံးကညှစ်ထုတ်ပေးပြီး သွေးလွှတ်ကြောမကြီးမှတစ်ဆင့် သွေးကြောလေးတွေးဆီ အဆင့်ဆင့်ပို့ပေးရပါတယ်။
အဲ့ဒီတော့ သွေးကြောတွေထဲမှာ ဖိအား (Pressure) ဆိုတာ ဖြစ်လာတယ်။
အဲ့ဒါကို သွေးဖိအား (Blood Pressure) လို့ခေါ်ပါတယ်။
သွေးဖိအား BP ကို တစ်နေ့ (၃) ကြိမ် တိုင်းကြည့်တဲ့အခါ
အပေါ်သွေးဖိအား Systolic BP 140 မီလီမီတာ မာကျူရီနှင့်အထက်
အောက်သွေးဖိအား Diastolic BP 90 မီလီမီတာ မာကျူရီနှင့်အထက်ရှိရင် သွေးတိုးရောဂါ ရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ စမ်းသပ်ချက်များအရ သိရတယ်။
သွေးတိုးရောဂါဟာ လူနေမှု Life Style နှင့် ဆက်စပ်နေပြီး
- ကိုယ်လက်လှုပ်ရှားမှု နည်းပါးတဲ့သူတွေ၊
- ဆား၊ အငန်နှင့် အဆီအဆိမ့် အစားများတဲ့သူတွေ
- ဆီးချိုသွေးချို ရောဂါရှိတဲ့သူတွေ
- စိတ်ဖိစီးမှုများတဲ့သူတွေ
- ဆေးလိပ်နှင့် အရက် အလွန်အကျွံသောက်သုံးတဲ့သူတွေ အဖြစ်များတယ်။
သွေးတိုးရောဂါ ဖြစ်ပွားသူတွေမှာ
- ခေါင်းမူးခြင်း၊
- ဇက်ကြောတက်ခြင်း၊
- မျက်စိပြာခြင်း၊
- ခေါင်းကိုက်ခြင်း၊
- သတိလစ်ခြင်း၊
- အော့အန်ခြင်းတို့ဖြစ်တတ်တယ်။
သွေးတိုးရောဂါကို ကာကွယ်ရန် ကိုယ်အလေးချိန်ကိုထိန်း၍
- အဝမလွန်စေရန်နေထိုင်စားသောက်ခြင်း၊
- ကိုယ်လက်လှုပ်ရှားမှုပုံမှန်ပြုလုပ်ခြင်း၊
- နေ့စဉ်နာရီဝက်၊ တစ်နာရီခန့်လမ်းလျှောက်ပေးခြင်း၊
- ဆားနှင့်အချိုမှုန့်အသုံးပြု၍ ပြုလုပ်ထားသော စားသောက်ဖွယ်ရာများ၊ ငါးပိ၊ ငါးခြောက်နှင့် အသင့်စားသုံးနိုင်သော အစားအစာများကို ရှောင်ကြဉ်ခြင်း၊
- ဟင်းသီးဟင်းရွက်၊ အသီးအနှံများ စားသုံးခြင်း၊
- အရက်နှင့်ဆေးလိပ်လွန်ကဲစွာ သောက်သုံးခြင်းမှ ရှောင်ကြဉ်ခြင်း၊
- အဆီကိုလွန်ကဲစွာ စားသုံးခြင်းမှ ရှောင်ကြဉ်ခြင်း စသည်တို့ကို လိုက်နာ ဆောင်ရွက်ရန် လိုအပ်တယ်။
သွေးတိုးရောဂါ ဖြစ်ပွားရင်
- နှလုံးကြီးခြင်း၊
- နှလုံးသွေးကြောပိတ်ခြင်း၊
- နှလုံးညှစ်အားလျော့ကျခြင်း၊
- နှလုံးသွေးကြောကျဉ်းခြင်း၊
- မျက်စိမှုန်ခြင်း၊
- မျက်စိဝေခြင်း၊
- မျက်စိကွယ်ခြင်း၊
- ကျောက်ကပ်ပျက်စီးခြင်း၊
- ဦးနှောက်ရောင်ခြင်း၊
- လေဖြတ်ခြင်းနှင့်
- ရုတ်တရက်သွေးကြောပိတ်ခြင်း စသော နောက်ဆက်တွဲ ရောဂါများ ဖြစ်ပွားနိုင်တယ်။
ဒါကြောင့် သွေးတိုးရောဂါ ဖြစ်ပွားပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနများ၌ သွေးပေါင် မှန်မှန်ချိန်၍ စနစ်တကျ ဆေးကုသမှု ခံယူသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သတိပေးချက် ထုတ်ပြန်ထားတယ်။
Tuesday, 26 December 2017
သွေးတိုးရောဂါ - Hypertension
Friday, 22 December 2017
အဆုတ်အကြောင်း
၁) ကျောရိုးရှိသတ္တဝါအများစုမှာ အဆုတ်နှစ်ခုပါကြပါတယ်။
၂) အဆုတ်နှစ်ဖက်ဟာ မတူကြပါဘူး။ နှလုံးရှိတဲ့ ဘယ်ဘက်အခြမ်းက အနည်းငယ်သေးနေပါတယ်။
၃) အဆုတ်ထဲကို လေဝင်ဖို့အတွက် လည်ချောင်းကဆင်းလာတဲ့ လေပြွန်အပြင် လမ်းကြောင်းပေါင်းမြောက်မြားစွာရှိပါတယ်။
လေပြွန်မကြီး Trachea ကနေ အဆင့်ဆင့်ခွဲထွက်လာတဲ့လမ်းကြောင်းငယ်လေးတွေကို Bronchioles လို့ ခေါ်ပါတယ်။
၎) အဆုတ်ထဲမှာ Bronchioles လို့ခေါ်တဲ့ လေဝင်ထွက်နိုင်တဲ့လမ်းကြောင်းငယ်ပေါင်း ၃၀၀၀၀ လောက်ရှိပြီး အရှည်အားဖြင့် ခန့်မှန်း ၂၄၀၀ ကီလိုမီတာ (မိုင် ၁၅၀၀) လောက် ရှိနေပါတယ်။
Bronchioles တွေရဲ့ တစ်ဖက်မှာ Alveoli လို့ခေါ်တဲ့လေအိတ်ငယ်လေးတွေရှိပါတယ်။ ဒီလေအိတ်လေးတွေဟာအသက်ရှူသွင်း/ရှူထုတ်လိုက်တိုင်း ကြီးလိုက်သေးလိုက်ဖြစ်နေပါတယ်။
အဲ့ဒီထဲမှာ အောက်ဆီဂျင်နဲ့ကာဘွန်ဒိုင်အောက်ဆိုဒ်တို့ကို လဲလှယ်မယ့်သွေးကြောမျှင်လေးတွေရှိနေပါတယ်။
၅) အဆုတ်ထဲမှာ Alveoli သန်းပေါင်း ၆၀၀ လောက်ရှိပါတယ်။
သူတို့ရဲ့ မျက်နှာပြင်ဧရိယာစုစုပေါင်းဟာတင်းနစ်ကွင်းတစ်ကွင်းအရွယ်အစားလောက်ရှိပါတယ်။
၆) အဆုတ်တစ်ခြမ်းဟာ ခန့်မှန်းအားဖြင့် ၁.၁ ကီလိုဂရမ်စီလေးပြီး အဆုတ်အင်္ဂါတစ်ခုလုံးအနေနဲ့ဆိုရင် ၂.၃ ကီလိုဂရမ်လောက်အလေးချိန်ရှိပါတယ်။
၇) ကျွန်တော်တို့ဟာ ၂၄ နာရီအတွင်း အကြိမ်ပေါင်း ၂၂၀၀၀ လောက် အသက်ရှူကြပါတယ်။
၈) အသက်ရှူနှုန်းကတော့ အမျိုးသမီးနဲ့ ကလေးတွေမှာ ပိုမြန်ပြီးအမျိုးသားတွေက အနည်းငယ်နှေးပါတယ်။
၉) အရွယ်ရောက်ပြီးလူတစ်ယောက်ဟာ အနားယူနေတဲ့အချိန်မှာ တစ်မိနစ်ကို ၁၂ ကြိမ်ကနေ အကြိမ် ၂၀ လောက် အသက်ရှူကြပါတယ်။
၁၀) လေကိုဘယ်လောက်ခပ်ပြင်းပြင်းရှူထုတ်ပါစေ အဆုတ်ထဲမှာ လေတစ်လီတာလောက် အမြဲကျန်နေပါတယ်။
၁၁) လူတစ်ယောက်ဟာ တစ်နေ့ကို ပျမ်းမျှအားဖြင့် လေ ၁၁၀၀၀ လီတာလောက် ရှူသွင်း/ရှူထုတ်လုပ်ကြပါတယ်။
၁၂) အဆုတ်ထဲလေဝင်ဆံ့နိုင်မှုပိုများတဲ့သူတွေဟာ ခန္ဓာကိုယ်အနှံ့ အောက်ဆီဂျင်ကို ပိုပြီးမြန်မြန်ဆန်ဆန် ပေးပို့နိုင်ကြပါတယ်။
လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဖြင့် အဆုတ်ရဲ့လေဝင်ဆံ့နိုင်မှုပိုများလာစေနိုင်ပါတယ်။
၁၃) အဆုတ်တွေဟာ ရေပ်ါမှာ ပေါလောပေါ်နိုင်တဲ့တစ်ခုတည်းသောကိုယ်အင်္ဂါအစိတ်အပိုင်းတွေဖြစ်ပါတယ်။
၁၄) အဆုတ်တစ်ခြမ်းမရှိဘဲ အသက်ရှင်နိုင်ကြပါတယ်။
အဆုတ်တစ်ခြမ်းမရှိသူဟာ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေ ကျဆင်းသွားပေမယ့် မသေနိုင်ပါဘူး။
အဆုတ်ရဲ့တာဝန်
=> အဆုတ်ရဲ့လုပ်ငန်းတာဝန်အကြောင်း ပြောပြချင်ပါတယ်။
=> ရှူသွင်းလိုက်တဲ့လေထဲမှ အောက်ဆီဂျင်နဲ့ ခန္ဓာကိုယ်ထဲမှ ကာဗွန်ဒိုင်အောက်ဆိုဒ်တို့ ဖလှယ်ခြင်းသည် အဆုတ်၏အဓိက လုပ်ငန်း တာဝန်ဖြစ်ပါတယ်။
=> အောက်ဆီဂျင်ကြွယ်ဝသော ရှူသွင်းလိုက်တဲ့လေဟာ
-> လေမျို (Larynx) ကနေ
-> လေပြွန်မကြီး (Trachea) ရောက်တယ် နောက်ပြီး
-> လေပြွန်ခွဲ (Bronchus) ကနေ
-> လေပြွန်ငယ် (Bronchiole) တို့ကိုအဆင့်ဆင့် ဖြတ်သန်းပြီး
-> လေအိတ် (Alveoli) များသို့ ရောက်ရှိတဲ့အခါ
-> အဆုတ်သွေးလွှတ်ကြောငယ် (Pulmonary arteriole) များထဲမှ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ ဖလှယ်ကြပါတယ်။
=> အဲဒီမှတစ်ဆင့် အဆုတ်သွေးပြန်ကြော (Pulmonary veins) များမှ နှလုံးသို့ပို့ဆောင်ပြီး နှလုံးမှခန္ဓာကိုယ်တစ်ခုလုံးသို့ ဖြန့်ဝေပို့လွှတ်ပေးပါတယ်။
=> ဒါ့ကြောင့် အောက်ဆီဂျင်ကို ခန္ဓာကိုယ် အနှံ့အပြားမှ တစ်ရှူးများ၊ ဆဲလ်များ အသက် ရှင်သန်ရေးအတွက် အသုံးပြုနိုင်ကြပါတယ်။
Friday, 1 December 2017
အင်ဆူလင် - Insulin
=> ဆီးချို-၁နှင့် ဆီးချို-၂ တို့တွင် ဆီးချိုဖြစ်ရသည်မှာ အင်ဆူလင် ထုတ်လုပ်မှုကျဆင်းခြင်း သို့မဟုတ် အင်ဆူလင်၏အစွမ်းသတ္တိကို ခန္ဓာကိုယ်က ခုခံခြင်းမျိုး နှင့် ဆက်စပ်သည်။
=> အင်ဆူလင် ထုတ်လုပ်မှုလည်း မကျဆင်း ခန္ဓာကိုယ်ကလည်း အင်ဆူလင်အစွမ်းသတ္တိကို မခုခံပါဘဲလျက် ဆီးချိုဖြစ်နိုင်ပါသလား? ဖြစ်နိုင်ပါ၏။
=> ပန်ကရိယ ဘီတာဆဲလ်က ထုတ်လုပ်လိုက်သော အင်ဆူလင်ကိုယ်နှိုက်က အရည်အသွေးမကောင်း လျှင် ဖြစ်နိုင်ပါသည်။
=> ဤကိစ္စတွင် အင်ဆူလင်စွမ်းရည် အပြည့်အဝ မဖော်ဆောင်နိုင်သဖြင့် ဆီးချိုဖြစ်ရသည်။
=> ၎င်းကိုလည်း အခြားဆီးချိုအမျိုးအစားများ ထဲတွင် ထည့်သည်။
=> ဆီးချို-၁ ရောဂါသည် ပြင်ပမှ အင်ဆူလင်ကို အဓိက မှီခိုနေရသော ရောဂါဖြစ်သည်။
=> ဆေးကုသရန် လိုအပ်သည့် အခြေအနေဖြစ်ပါက အင်ဆူလင် ထိုးဆေးဖြင့်သာ ကုသနိုင်ပြီး၊ ဆီးချိုကျသောက်ဆေးများကို အသုံးမပြုနိုင်ပေ။
=> ဤနေရာတွင် မှတ်ထားရမည်မှာ အင်ဆူလင် သောက်ဆေးဟူ၍ မရှိခြင်းပင် ဖြစ်သည်။
=> အဘယ်ကြောင့်ဆိုသော် အင်ဆူလင်မှာ အမိုင်နိုအက်ဆစ်များဖြင့် ဖွဲ့စည်းထားသဖြင့် အစာအိမ်နှင့်အူလမ်းကြောင်းထဲတွင် အစာချေ အင်ဇိုင်းများ၏ ချေဖျက်မှုဒဏ်ကို ခံရသောကြောင့် ဖြစ်သည်။
=> ထို့ကြောင့် ကုသရမည့် ရောဂါအခြေအနေ အပေါ်မူတည်၍ အင်ဆူလင်ကို သွေးပြန်ကြော မှတဆင့် လည်းကောင်း၊ အရေပြားအောက် မှတဆင့် လည်းကောင်း ပေးရသည်။