လိုချင်တာရဖို့အတွက် ပထမခြေလှမ်းက ဝီရိယ ဖြစ်တယ်။ ခင်ဗျား တစ်ခါမှ မရဖူးတဲ့ စည်းစိမ်ချမ်းသာ ကို ရချင်တယ်မှတ်လား။ တစ်ခါမှ မလုပ်ဖူးတဲ့ အလေ့အကျင့်တွေကို စပြီးတော့ မွေးမြူလာရမယ်။
ဒီတော့ အရင်ဆုံး ခင်ဗျား မလိုချင်တာ ရလာစေမယ့် အကျင့်တွေကို ဖျောက်ပစ်ခြင်း ကနေ စရလိမ့်မယ်။ အာရုဏ်ဟာ အိပ်နေတဲ့ ခင်ဗျားကို အားနာပြီး မစောင့်ဘူး။ တက်စရာ ရှိတာ တက်ပစ်လိုက်မှာပဲ။ ပန်းဟာ သူ့ဘေးက အပွင့်တွေကို အားယားပြီး မပြိုင်ဘူး။ ပွင့်စရာ ရှိတာ ပွင့်ပစ်လိုက်တာပဲ။ ခရုဟာ သွားရမယ့်ခရီးရှည်လို့ အားငယ်ပြီး မရပ်ဘူး။ ရွှေ့စရာ ရှိတာ ရွှေ့ပစ်လိုက်တာပဲ။
အာရုဏ်ရယ် ပန်းရယ် ခရုရယ်ဟာ ခင်ဗျားဘဝသစ်အတွက် သင်ခန်းစာ အများကြီးပေးနေတာ မြင်သလား။ အားနာတတ်တာ လူပဲ။ အားယားတတ်တာလည်း လူပဲ။ အားငယ်တတ်တာလည်း လူပဲ။ ဒီအကျင့်တွေဟာ ဝီရိယကို နောက်ပြန်ဆွဲထားတတ်တယ်။ ဖျောက်ပါ။
ဝီရိယ ရှိလာရင် ပြောင်းလဲခြင်းကို ဖြစ်စေတယ်။ တစ်ချိန်ထဲမှာ ကံဆိုတာ အခွင့်အရေးတွေ တစ်ခုပြီးတစ်ခု ပစ်ချပေးတယ်။ ခင်ဗျားရဲ့ ဉာဏ်ဆိုတာကတော့ အခွင့်အရေးတွေကို မြင်စေတယ်။
အရမ်းမှန်တဲ့ သဘောတရားလေးတစ်ခုက ပြဿနာကို အာရုံစိုက်နေ သူဟာ သူအာရုံစိုက်တဲ့ ပြဿနာရဲ့ အပေါင်းအပါတွေပဲ ထပ်တွေ့တတ်တယ်။
အခွင့်အရေးကို အာရုံစိုက်ပါ။ သူ့အပေါင်းအပါတွေ တစ်ခုပြီး တစ်ခု ခင်ဗျားဆက်တိုက်ကို တွေ့လာရဖို့ ကျုပ်အာမခံတယ်။
- မှတ်စုကြမ်း #kyawnge
No comments:
Post a Comment