အာဆင်းနစ် (Arsenic) အဆိပ်သင့်ခြင်း
by ဒေါက်တာလှကြည် for Food Magazine
“စိန်” ဆိုတဲ့ စကားလုံးကို အမာဆုံးအဖိုးတန် ကျောက်မျက် (diamond) အနေနှင့် လူသိများပါတယ်။ လူတစ်ယောက်ရဲ့အသက်ကို သေစေနိုင်တဲ့အထိပြင်းတဲ့ “စိန်” ဆိုတဲ့ အဆိပ်တစ်မျိုးလည်း ရှိပါတယ်။ မိမိတို့ ငယ်စဉ်က ကြည့်ဖူးခဲ့တဲ့ ဇာတ်လမ်းတွေ၊ ဖတ်ဖူးခဲ့တဲ့ ဝတ္ထုတွေထဲမှာ လူတစ်ယောက်ကိုသတ်ဖို့ ဝန်မလေးတဲ့ လူဆိုးကြီးတွေရဲ့ ရက်စက်ပုံကို တင်စားပြောဆိုတဲ့အနေနဲ့ “သေချင်ရင် စိန်မစားနဲ့၊ ဘယ်သူ့ဆီကိုသွား” စသည်ဖြင့် ပြောတတ်၊ ရေးတတ်ပါတယ်။ လူဆိုးကြီးနှင့်တွေ့လျှင် စိန်နှင့် သံပရာကို ရောသောက်လိုက်သလို သေသွားမယ်ဆိုတဲ့သဘော ပြောခြင်းဖြစ်ပါတယ်။ “စိန်နဲ့ သံပရာ သောက်ရင် သေတယ်ဆိုလို့ အမေ့စိန်နားကပ်ကြီးကို ခိုးပြီး သံပရာရည်ထဲ ထည့်မသောက်နဲ့၊ မသေဘူး။ စိန်ဆိုတာက အာဆင်းနစ်ကိုပြောတာ” လို့ မိမိဆေးကျောင်းတက်စဉ်က ဆေးဝါးဗေဒဌာနမှ ဆရာမကြီးတစ်ယောက် ပြောတာကို မှတ်မိနေပါတယ်။ ဆရာမကြီးက စကားပြောလျှင် တစ်သက်လုံးမမေ့နိုင်အောင် အဲဒီလို ပြော တတ်ပါတယ်။
ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့ ဦးစီးဌာနက ထုတ်ဝေတဲ့ မြန်မာ-အင်္ဂလိပ် အဘိဓာန်မှာ စိန်ကို Arsenic (pali – စိန) လို့ ဘာသာပြန်ထားပါတယ်။ အင်္ဂလိပ်-မြန်မာ အဘိဓာန်မှာတော့ Arsenic ကို စိန်(အဆိပ်)လို့ ဘာသာပြန်ထားပါတယ်။ မြန်မာ အဘိဓာန်မှာလည်း စိန်ကို အဆိပ်ပြင်းသောသတ္တုကြွပ် တစ်မျိုး (ပါ ၊ စိန) လို့ အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်။ ဒါကြောင့် အာဆင်းနစ်ကို မြန်မာတွေက စိန်လို့ပြော ခဲ့ကြတယ်။ အဲဒီ စိန် ဆိုတဲ့စကားက ပါဠိဘာသာ “စိန်” က ဆင်းသက်လာတာလို့ နားလည်ရပါတယ်။ Computer ကို ကွန်ပျူတာ၊ Radio ကို ရေဒီယို၊ Battery ကို ဘက်ထရီ၊ I-Pad ကို အိုင်ပက် စသည်ဖြင့် အသံဖလှယ်တဲ့စနစ် ထွန်းကားတဲ့ ယခုခေတ်မှာတော့ Arsenic ကို အာဆင်းနစ်လို့ပဲ ပြောနေကြပါပြီ။ “စိန်” လို့ပြောတာက မြန်မာ တိုင်းရင်းဆေးလောကနှင့် ကျေးလက်ဒေသတွေမှာပဲ ရှိတော့မယ်လို့ ထင်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာလည်း “အာဆင်းနစ်” လို့ပဲ ရေးပါမယ်။
အာဆင်းနစ်နှင့် ထိတွေ့ရခြင်း (Exposure to Arsenic)
အာဆင်းနစ်နှင့် ထိတွေ့တယ်ဆိုတာ အာဆင်းနစ် ဓာတ်ပေါင်းပါတဲ့ အစားအသောက်တစ်ခုခုကို စားမျိုမိခြင်း၊ အာဆင်းနစ်ပါတဲ့ရေ၊ ဒါမှမဟုတ် အရည်တစ်ခုခုကို သောက်မိခြင်း၊ အာဆင်းနစ်ပါတဲ့ အငွေ့တစ်ခုခုကို ရှူမိခြင်း၊ အာဆင်းနစ်ကို အရေပြားနှင့် ထိတွေ့ (contact ဖြစ်) ခြင်းစသည်ဖြင့် လူနှင့် အာဆင်းနစ်တို့ တစ်နည်းနည်းနှင့် ထိစပ်ပတ်သက်မိခြင်း (exposure) ကို ပြောခြင်းဖြစ်ပါတယ်။ စက်ရုံ၊ အလုပ်ရုံများမှ ထွက်တဲ့ ဥပဒ်ဖြစ်စေနိုင်တဲ့ အညစ်အကြေး (toxic waste) တွေ စွန့်ပစ်တဲ့နေရာတွေမှာ နေထိုင်ကြသူ၊ အလုပ်လုပ်ကြသူတွေက အာဆင်းနစ်နှင့် ထိတွေ့နိုင်ပါတယ်။ သွပ်နှင့် ကြေးနီ တူးဖော်တဲ့လုပ်ငန်းမှာ၊ အရည်ကျိုလုပ်ငန်းမှာ လုပ်နေသူတွေမှာလည်း အာဆင်းနစ်နှင့်ထိတွေ့ရနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ အချို့သော ရိုးရာဘယဆေးတွေမှာလည်း အာဆင်းနစ်ပါတတ်တယ်လို့ သိရပါတယ်။
သောက်ရေထဲက အာဆင်းနစ်
အချို့ဒေသတွေမှာ အာဆင်းနစ်က မြေအောက်မှ တူးဖော်ရရှိတဲ့ ရေထဲမှာ သဘာဝအတိုင်း ပါဝင်နေနိုင်ပါတယ်။ ဒေသတစ်ခုမှာ မြေအောက်ရေဟာ အာဆင်းနစ်တွေ များနေလျှင် ဒေသခံလူတွေအတွက် အန္တရာယ်ရှိပါတယ်။ အဲဒီမြေအောက်ရေ (ဥပမာ- တွင်းရေ)ကို အမြဲသောက်နေသူတွေမှာ ကာလကြာရှည် အာဆင်းနစ် အဆိပ်သင့်မှု (chronic arsenic poisoning) ဖြစ်လာပါလိမ့်မယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ၁၉၉၃ ခုနှစ် သတ်မှတ်ချက်အရ သောက်ရေတစ်လီတာမှာ အာဆင်းနစ်ပါဝင်မှုဟာ အများဆုံး ဝ.ဝ၁ မီလီဂရမ်ထက် မပိုသင့်ပါဘူး။ နောက်ပိုင်းမှာတော့ ရေတစ်လီတာမှာ အာဆင်းနစ် ပါဝင်မှုဟာ ဝ.ဝဝဝ၁၇ မီလီဂရမ်ရှိလျှင်ပင် ခန္ဓာကိုယ်မှာ အာဆင်းနစ်တွေ စုမိနေတဲ့ အခြေအနေ(arsenicosis) ဖြစ်လာနိုင်တယ်လို့ ပြောလာကြပါတယ်။
အာဆင်းနစ် ဓာတ်ပေါင်းတွေကို အော်ဂဲနစ် (organic) ဓာတ်ပေါင်းများနှင့် အော်ဂဲနစ် မဟုတ်တဲ့ (inorganic) ဓာတ်ပေါင်းများဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါတယ်။ အော်ဂဲနစ်ဓာတ်ပေါင်းတွေက အော်ဂဲနစ်မဟုတ်တဲ့ ဓာတ်ပေါင်းတွေလောက် အဆိပ်မပြင်းပါဘူး။ (ဒီနေရာမှာ ခဲဆိပ်နှင့် ပြောင်းပြန်ဖြစ်ပါတယ်။ ခဲဆိပ်မှာ အော်ဂဲနစ် ဓာတ် ပေါင်းတွေက အော်ဂဲနစ်မဟုတ်တဲ့ ဓာတ်ပေါင်းတွေထက် ပိုပြီးအဆိပ်ပြင်းပါတယ်။)
ပင်လယ်စာ (seafood) တွေမှာ အဆိပ်ပျော့တဲ့ အော်ဂဲနစ် အာဆင်းနစ်ဓာတ်ပေါင်း (arsenobetaine) ပါဝင်နေတတ်ပါတယ်။ ၂၀၁၂ ခုနှစ်အတွင်း သစ်သီးများနှင့် ဆန်မှာ တွေ့ရတယ်လို့ စားသုံးသူ အစီရင်ခံစာ (Consumer Reports) တွေမှာ ဖော်ပြခဲ့တဲ့ အာဆင်းနစ်တွေက အော်ဂဲနစ်မဟုတ်တဲ့ ဓာတ်ပေါင်းတွေဖြစ်ပါတယ်။ အာဆင်းနစ်ပါတဲ့ (သီးနှံဖျက်) ပိုးသတ်ဆေးတွေဟာ အဆိပ်အာနိသင်ပြင်းလွန်းတဲ့အတွက် လူကို အန္တရာယ် ပေးနိုင်ပါတယ်။ ဒီလိုပိုးသတ်ဆေးတွေကို အနောက်နိုင်ငံတွေမှာ အသုံးမပြုတော့ပေမယ့် အာရှနိုင်ငံအချို့မှာ သုံးနေဆဲလို့ သိရပါတယ်။
အာဆင်းနစ်အဆိပ်သင့်ခြင်း
အာဆင်းနစ်က အဆိပ်သင့်စေနိုင်ကြောင်းကို ဘီစီ ၂၁၀ဝ ပြည့်နှစ် (လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ဝဝ) ကတည်းက လူတွေ သတိထားမိကြပါတယ်။ လူ့ခန္ဓာကိုယ်အတွင်း ဇီဝကမ္မလုပ်ငန်း (Physiologic functions) တွေ လုပ်ဆောင်ရာမှာ ကူညီပေးနေတဲ့ အင်ဇိုင်း (enzyme) ၂၀ဝ ကျော်ကို အာဆင်းနစ်ဓာတ်ပေါင်းတွေက နှောင့်ယှက်ပါတယ်။
ရုတ်တရက် အာဆင်းနစ်အဆိပ်သင့်ခြင်း
လူ့ရဲ့ခန္ဓာကိုယ်ထဲမှာ အာဆင်းနစ်ဓာတ်တွေများလာလျှင် ရောဂါဝေဒနာအမျိုးမျိုး ဖြစ်နိုင်ပါတယ်။ အချိန်တိုအတွင်း အာဆင်းနစ်အဆိပ်သင့်ခြင်း (acute arsenic poisoning) ကြောင့် အော့အန်ခြင်း၊ ဗိုက်နာခြင်းနှင့် ဦးနှောက်လုပ်ငန်းထိခိုက်ခြင်း (encephalopathy)၊ ဝမ်းပျက်ခြင်း၊ ဝမ်းသွားတဲ့အခါ သွေးပါခြင်း၊ သွေးအန်ခြင်း၊ ဆီး၌ သွေးပါခြင်း၊ ကြွက်သားများနာခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ရင်ဝ၌ အောင့် (အစာအိမ်နာ) ခြင်း၊ တက်ခြင်းတို့က ရုတ်တရက် အာဆင်းနစ်အဆိပ်သင့်ခြင်းရဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ အဆုတ်၊ အရေပြား၊ ကျောက်ကပ်၊ အသည်း စသည့် အင်္ဂါတွေ ထိခိုက်လေ့ရှိပါတယ်။ အာဆင်းနစ် အဆိပ်သင့်ခြင်းက သတိလစ်မေ့မြောပြီး အသက်သေဆုံးတဲ့အထိ ပြင်းထန်နိုင်ပါတယ်။ အာဆင်းနစ် ၇၀ မီလီဂရမ်မှ ၂၀ဝ မီလီဂရမ်က လူတစ်ယောက်ကို ရုတ်တရက် သေဆုံးသွားစေနိုင်ပါတယ်။
ကာလကြာရှည် တဖြည်းဖြည်း အာဆင်းနစ်အဆိပ်သင့်ခြင်း
အာဆင်းနစ်ဓာတ်ပေါင်းတွေ ရှိသင့်တာထက် ပိုပြီး များစွာပါဝင်နေတဲ့ ရေကို သောက်သုံးနေရသူ လူဦးရေဟာ ကမ္ဘာတစ်ဝန်းမှာ သန်း ၂၀ဝ ကျော်လောက်ရှိတယ်လို့ ခန့်မှန်းရပါတယ်။ အများဆုံးက ဘင်္ဂလားဒေ့ရှ်နှင့် အနောက်ဘင်္ဂလား (West Bengal) ဒေသတို့ ဖြစ်ပါတယ်။ လူချမ်းသာတွေထက် ဆင်းရဲသားတွေက အာဆင်းနစ် အဆိပ်သင့်အန္တရာယ် ကြုံတွေ့နိုင်တဲ့ အခွင့်အလမ်း ပိုများပါတယ်။ သတ္တုတူးဖော်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းသုံး ပစ္စည်းတွေကြောင့် မြေအောက်ရေတွေထဲ အာဆင်းနစ်တွေ ဝင်သွားတာလည်း ရှိပါတယ်။ အာဆင်းနစ်က မြေကြီးထဲမှာ၊ အပေါ်ယံ မြေဆီလွှာမှာသာမက လေထုထဲမှာလည်း ရှိနေနိုင်ပါတယ်။
သောက်ရေတစ်လီတာမှာ အာဆင်းနစ်ဓာတ်ပေါင်း ၁၀-၁၅ မိုက်ခရိုဂရမ် (၁၀-၅၀ µg/L) ထက် နည်းသင့်ပါတယ်။ ရေတစ်လီတာက ဘယ်လောက်များတယ်ဆိုတာ သောက်ရေသန့်သောက်နေသူတွေ သိကြပါတယ်။ အာဆင်းနစ် ၁ မိုက်ခရိုဂရမ်က ၁ ဂရမ် (မြန်မာ အလေးချိန် ၁ ပဲသားခန့်) ရဲ့ အပုံ တစ်သန်းပုံတစ်ပုံနှင့် ညီမျှပါတယ်။ အလေးချိန်အားဖြင့် ရေအဆ သန်း ၁၀ဝ၀ မှာ အာဆင်းနစ် ၁၀ ဆ- ၁၅ ဆလောက် ရှိတယ်လို့ ပြောလျှင်လည်း မှန်ပါတယ်။
ကာလကြာရှည် တဖြည်းဖြည်း အာဆင်းနစ်အဆိပ်သင့်ခြင်း (chronic arsenic poisoning) ကြောင့် အရေပြားထူလာခြင်း၊ အရေပြားအရောင် ညစ်မည်းလာခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းပျက်ခြင်း၊ ထုံနာကျဉ်နာ၊ နှလုံး ရောဂါနှင့် ကင်ဆာရောဂါများ ဖြစ်လာနိုင်ပါတယ်။
အာဆင်းနစ်အဆိပ်သင့်ခြင်းက မသိမသာ တဖြည်း ဖြည်း ဖြစ်လာတာ များပါတယ်။ ခေါင်းကိုက်ခြင်း၊ စိတ်မကြည်ဘဲ ရှုပ်ထွေးနေခြင်း (confusion)၊ အပြင်းအထန် ဝမ်းလျှောဝမ်းပျက်ခြင်း၊ အိပ်ငိုက်ခြင်းတို့နှင့် စတတ်ပါတယ်။ ကြာလာတဲ့အခါ တက်ခြင်း (convulsions)၊ လက်သည်း၌ အဖြူလိုင်း (eukonychia striata) များ ပေါ်လာခြင်းတို့ ဖြစ်လာနိုင်ပါတယ်။ အဲဒီလိုင်းတွေကို Mees’s lines, Aldrich-Mees’s lines စသည်ဖြင့် လည်း ခေါ်ပါတယ်။
အာဆင်းနစ်နှင့် ကင်ဆာ
အာဆင်းနစ်အဆိပ်သင့်ခြင်းက အရေပြားကင်ဆာ၊ အဆုတ်ကင်ဆာ၊ အသည်းကင်ဆာ၊ ကျောက်ကပ် ကင်ဆာနှင့် အခြားကင်ဆာအမျိုးမျိုးတို့ ဖြစ်ပွားခြင်းနှင့် ဆက်စပ်နေပါတယ်။ အရေပြားက နဂိုထက် အရောင်ပိုပြီး ညိုမည်းနေတာကိုလည်း တွေ့နိုင်ပါတယ်။ ကင်ဆာမဖြစ်မီ အရေပြားမှာ ရောဂါပေါင်းစုံ ဖြစ်နိုင်ပါသေးတယ်။
အာဆင်းနစ်ပါတဲ့ သောက်ရေကို တစ်သက်လုံး သောက်နေရသူတွေအနေနဲ့ ကင်ဆာဖြစ်လာနိုင်တဲ့ အလားအလာက သောက်ရေမှာပါနေတဲ့ အာဆင်းနစ် ပမာဏ အနည်းအများနှင့် တိုက်ရိုက်အချိုးကျနေတယ် ဆိုတာ ၁၉၈၈ ခုနှစ်က တရုတ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သုတေသနမှာ တွေ့ခဲ့ရပါတယ်။ တိုက်ရိုက်အချိုးကျတယ် ဆိုတာက ခန္ဓာကိုယ်မှာ အာဆင်းနစ်များလေ၊ ကင်ဆာ ဖြစ်လာနိုင်ခြေများလေလို့ ပြောတာပါ။ ရေတစ်လီတာမှာ အာဆင်းနစ် ဝ.ဝ၀၁၇ မီလီဂရမ်ပါတဲ့ သောက်ရေကို သောက်နေရတဲ့ ဒေသမှာ လူ ၁၀ဝဝဝ မှာ တစ်ယောက် ကင်ဆာဖြစ်လာခဲ့ပါတယ်။ ရေတစ်လီတာမှာ အာဆင်းနစ် ဝ.ဝဝဝ၁၇ မီလီဂရမ်သာပါတဲ့ သောက်ရေကို သောက် နေရတဲ့ဒေသမှာတော့ လူတစ်သိန်းမှာမှ တစ်ယောက်သာ ကင်ဆာဖြစ်လာခဲ့ပါတယ်။ ရေတစ်လီတာမှာ အာဆင်းနစ် ဝ.ဝဝဝ၀၁၇ မီလီဂရမ်သာပါတဲ့ သောက်ရေကို သောက်နေရတဲ့ ဒေသမှာတော့ လူတစ်သန်းမှာမှ တစ်ယောက်သာ ကင်ဆာဖြစ်လာတာကို တွေ့ခဲ့ရပါတယ်။ အဲဒီနှုန်းအတိုင်းဆိုလျှင် ရေတစ်လီတာမှာ အာဆင်းနစ် ဝ.ဝ၁ မီလီဂရမ်သာပါတဲ့ သောက်ရေကို သောက်နေရသူတွေဟာ ၁၀ဝဝဝ မှာ ၆ ယောက်လောက်သာ ကင်ဆာ ရောဂါဖြစ်လာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ ပညာရှင်တွေက တွက်ဆကြပါတယ်။ ဒီပါဝင်မှုနှုန်းဟာ လက်ခံနိုင်တဲ့ (အလုပ်လည်းဖြစ်နိုင်၊ အန္တရာယ်လည်း နည်းတဲ့) နှုန်းလို့ သတ်မှတ်ကြပါတယ်။
ကိုယ်ဝန်ဆောင်နေစဉ် အာဆင်းနစ်အဆိပ်သင့်ခြင်း
ကိုယ်ဝန်ဆောင်နေစဉ်ကာလမှာ အာဆင်းနစ် အဆိပ်သင့်တာက အလွန်စိုးရိမ်စရာ ကောင်းပါတယ်။ အာဆင်းနစ်အဆိပ်သင့်နေတဲ့ ကိုယ်ဝန်ဆောင်မိခင်မှာ အထက်က ပြောခဲ့တဲ့အတိုင်း ဗိုက်နာခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောဝမ်းပျက်ခြင်း၊ အရေပြားများ ညိုမည်းလာခြင်း၊ ကင်ဆာဖြစ်ခြင်းနှင့် အခြားရောဂါဝေဒနာတို့ကို ခံစားရနိုင်ပါတယ်။ မိခင်က ကိုယ်ဝန်ဆောင်ထားစဉ်မှာ ကိုယ်အလေးချိန် တက်သင့်သလောက် အပြည့်အဝ မတက်ပါဘူး။
ကိုယ်ဝန်ဆောင်မိခင်သာမက သူလွယ်ထားတဲ့ သန္ဓေသားကလည်း အာဆင်းနစ် အဆိပ်ဒဏ်ကို ခံရနိုင်ပါတယ်။ မွေးလာတဲ့အချိန်မှာ ကိုယ်အလေးချိန် မပြည့်ခြင်း၊ ခန္ဓာကိုယ်အရွယ်အစား သေးငယ်ခြင်း၊ ရောဂါထူပြောခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ မိခင်မှာ အာဆင်းနစ်အဆိပ်သင့်နေတဲ့ကာလ ကြာလေ၊ မိခင်ရဲ့ ခန္ဓာကိုယ်မှာ ရှိနေတဲ့ အာဆင်းနစ်ဓာတ် ပမာဏများလေ၊ မွေးလာတဲ့ကလေးက အသက်တစ်နှစ်မပြည့်မီ သေဆုံးတဲ့နှုန်း (Infant Mortality Rate-IMR) မြင့်လေဆိုတာ သုတေသနတွေမှာ တွေ့ရှိထားပါတယ်။ ရင်သွေးမှာ အဲဒီလိုဖြစ်ရတာတွေဟာ ကိုယ်ဝန်ဆောင်မိခင် ကိုယ် အလေးချိန် တက်သင့်သလောက် မတက်တာနဲ့ ဆက်စပ်မှုရှိပါတယ်။
အခြားရောဂါများ
အာဆင်းနစ် အဆိပ်သင့်ခြင်းက သွေးတိုး၊ နှလုံးနှင့် သွေးကြောရောဂါများဖြစ်ခြင်း၊ ကင်ဆာရောဂါ၊ လေဖြတ် လေငန်းရောဂါ၊ နာတာရှည် အဆုတ်လြွေပန်ရောဂါများ ဖြစ်ခြင်း၊ ဆီးချိုသွေးချိုရောဂါဖြစ်ခြင်းတို့နှင့်လည်း ဆက်နွှယ်နေပါတယ်။ ကာလကြာရှည် အာဆင်းနစ် အဆိပ်သင့်ခြင်းဟာ ဗီတာမင်အေ ချို့တဲ့မှုနှင့်လည်း ဆက်စပ်နေပါတယ်။ ဗီတာမင်အေ ချို့တဲ့မှုကြောင့် ကြက်မျက်သင့်ရောဂါ၊ မျက်စိခြောက်ရောဂါ၊ မျက်စိ၌ ကြက်ဆူးထွက်ခြင်းနှင့် အပြင်တိမ်ဖြစ်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။
အာဆင်းနစ် အဆိပ်သင့်မှုကာကွယ်ရေး
အမေရိကန်ပြည်ထောင်စုမှာ ၁၉၇၅ ခုနှစ်က စပြီး ဥပဒ်ကင်းသော သောက်ရေ အက်ဥပဒေ (Safe Drinking Water Act-SDWA) အရ သောက်ရေမှာ အာဆင်းနစ် ပါဝင်မှုကို ဝ.ဝ၅ 0.05 mg/L (ရေ တစ်လီတာမှာ အာဆင်းနစ် ဝ.ဝ၅ မီလီဂရမ် ထက်မပိုရဘူးလို့ ပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေး အေဂျင်စီ (Environmental Protection Agency) က သတ်မှတ်ခဲ့ပါတယ်။ ဒါကို နောက်တစ်နည်းအနေနဲ့ ဝ.ဝ၅ ပီပီအမ် (0.05 ppm-parts per million) လို့လည်း ပြောပါတယ်။ ဝ.ဝ၅ ပီပီအမ် (ppm) ဆိုတာ ရေ ဂရမ်တစ်သန်း (တစ်နည်းအားဖြင့် ၁၀ဝ၀ လီတာ) မှာ အာဆင်းနစ် ဝ.ဝ၅ ဂရမ်ပါတာကို ပြောခြင်း ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ၁၉၇၅ ခုနှစ် ဥပဒ်ကင်းသော သောက်ရေ အက်ဥပဒေ (Safe Drinking Water Act-SDWA) ကို ပြဋ္ဌာန်းပြီးတဲ့နောက်မှာ နှစ်ပေါင်းများစွာအတွင်း ပြုလုပ်ခဲ့တဲ့ သုတေသနတွေအရ ခန္ဓာကိုယ်ထဲမှာ အာဆင်းနစ်အဆိပ်ဓာတ်ပေါင်းတွေ များလေ အရေပြားကင်ဆာဖြစ်နိုင်တဲ့ အလားအလာ ပိုများလေဆိုတာ တွေ့ခဲ့ရပါတယ်။ အရေပြားကင်ဆာဖြစ်ပွားခြင်း၊ သေဆုံးခြင်းတို့မှ ကာကွယ်ရေး၊ အခြား ရောဂါများ ကာကွယ်ရေး ရည်မှန်းချက်တွေချမှတ်ပြီး သောက်ရေမှာ အာဆင်းနစ်ပါဝင်မှု သတ်မှတ် ချက်ကို ပြောင်းလဲ(ထပ်မံလျှော့ချ)ခဲ့ပါတယ်။ ပြောင်းလဲခြင်း အားဖြင့် ခံစားရနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေ၊ ငွေကုန်ကြေးကျ တွက်ခြေကိုက်မှု၊ နည်းပညာ ရှိမရှိ၊ အမှန်တကယ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် အခြေအနေရှိမရှိ စသည်ဖြင့် အဘက်ဘက်မှ စဉ်းစားပြီး ၂၀ဝ၁ ခုနှစ်မှာတော့ သောက်ရေ တစ်လီတာမှာ အများဆုံးရှိသင့်တဲ့ အာဆင်းနစ်ပမာဏကို ဝ.ဝ၁ မီလီဂရမ်ကို လျှော့ချခဲ့ပါတယ်။
အခြားနိုင်ငံတွေမှာလည်း မိမိတို့အခြေအနေအရ သတ်မှတ်ချက်တွေ၊ လမ်းညွှန်ချက် (guidelines) တွေရှိပါတယ်။ အခြေအနေအရဆိုရာမှာ အဲဒီဒေသမှာ နေထိုင်သူတွေ အာဆင်းနစ်အဆိပ်နှင့် ထိတွေ့နိုင်ခြေကို အဆုံးအဖြတ်ပေးနိုင်တဲ့ ဒေသရဲ့ ပထဝီအနေအထား၊ လူတွေရဲ့ လူမှုစီးပွားရေးအခြေအနေ၊ အစားအစာစားသုံးမှု နှင့် သောက်ရေရရှိမှုဓလေ့ စသည်တို့ ပါဝင်ပါတယ်။ ဒါကြောင့် အဲဒီသတ်မှတ်ချက်က နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူဘဲ ကွဲပြားခြားနားတာတွေ ရှိပါတယ်။ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်မှာ ဒေသတစ်ခုက လူတွေဟာ သောက်ရေရနိုင်တဲ့ နည်းလမ်းတစ်ခုပဲရှိတယ်။ အခြားနည်းလမ်းမရှိဘူးဆိုလျှင် အဲဒီသောက်ရေ တစ်လီတာမှာ အများဆုံးပါရမယ့် အာဆင်းနစ် ပမာဏ သတ်မှတ်ချက်က ဝ.ဝ၅ မီလီဂရမ် (0.05 mg/L) ဖြစ်ပါတယ်။
အာဆင်းနစ်အဆိပ်သင့်မှုကာကွယ်ကုသရေး
အာဆင်းနစ်ဓာတ်ပေါင်းတွေ ရှိသင့်တာထက် ပိုပြီး များစွာပါဝင်နေတဲ့ ရေကို သောက်သုံးနေရသူ လူဦးရေဟာ ကမ္ဘာတစ်ဝန်းမှာ သန်း ၂၀ဝ ကျော်လောက်ရှိပါတယ်။
အာဆင်းနစ်အဆိပ်သင့်မှုကာကွယ်ရေးမှာ အဓိကကျတာက အန္တရာယ်ပေးနိုင်လောက်အောင် အာဆင်းနစ်(များစွာ)မပါတဲ့ သောက်ရေကို သောက်သုံးခြင်း ဖြစ်ပါတယ်။ မိုးရေကို သောက်သုံးခြင်း၊ အာဆင်းနစ်ကို ရေမှဖယ်ထုတ်ပစ်နိုင်တဲ့ အထူးရေစစ် ဆန်ခါ (Special filter) တို့ကို အသုံးပြုခြင်းအားဖြင့်လည်း အာဆင်းနစ် အဆိပ်သင့်ခြင်းမှ ကာကွယ်နိုင်ပါတယ်။
လူ့ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ အာဆင်းနစ်ပမာဏကို သိနိုင်ဖို့ သွေးစစ်ကြည့်နိုင်ပါတယ်။ ဆီးစစ်ကြည့်နိုင် ပါတယ်။ အခြား အဆိပ်တွေထက် ထူးခြားတာက လူတစ်ယောက်မှာ အာဆင်းနစ်အဆိပ်ရှိမရှိသိနိုင်ဖို့ ဆံပင်ကိုလည်း စစ်ဆေးကြည့်နိုင်ပါတယ်။
ကာလတာရှည်စွာ အာဆင်းနစ်အဆိပ်သင့်မှုကို ထိထိရောက်ရောက် ကုသနိုင်တာကတော့ ဒီနည်းပဲလို့ ထောက်ခံပြောဆိုနိုင်တဲ့ သီးသန့်ကုထုံး (Specific treatment) မရှိသေးပါဘူး။ ရုတ်တရက် အာဆင်းနစ် အဆိပ်သင့် လူနာကို ကုသရာမှာ ခန္ဓာကိုယ်အတွင်း ရေဓာတ်ခန်းခြောက်မှုမရှိအောင် ပြုပြင်ပေးဖို့ အရေးကြီး ပါတယ်။ အဆိပ်ဖြေဆေးအနေနဲ့ Dimercaptosuccinic Acid (DMSA) ဖြစ်စေ၊ Simercaptopropane Sulfonate (DMPS) ဖြစ်စေ အသုံးပြုနိုင်ပါတယ်။ Dimercaprol (BAL) ကိုတော့ အသုံးမပြုသင့်ပါဘူး။ သွေးကို ကျောက်ကပ်တုစက်နှင့် ဆေးတဲ့ Hemodialysis နည်းကိုလည်း အသုံးပြုနိုင်ပါတယ်။
အရင်းအမြစ်
No comments:
Post a Comment